ရခိုင်သမိုင်းဆိုင်ရာသိမှတ်ဖွယ်များနှင့်အထွေထွေ ဗဟုသုတများဝေငှရာ

Thursday, August 18, 2016

ရခိုင်သမိုင်းသုတေသနလုပ်ငန်း တိုးတက်မြင့်မားရေးသို့

လွန်ခဲ့သောနှစ်ပေါင်း(၃၀)ကျော်က ဒေါက်တာပင်မလာဂတ်တမင်( Dr.Pamela Gutman)၏ ပါရဂူဘွဲ့ယူစာတမ်းဖြစ်သော ရှေးဟောင်းရခိုင်ပြည် (Acient Arakan)ကို တင်သွင်းခဲ့ပြီးနောက်အနောက်နိုင်ငံပညာရှင်များလောကတွင် ရခိုင်သမိုင်း ကို စိတ်ဝင်စားသူ များပြားလာခဲ့သည်။မြောက်ဦးခေတ်သမိုင်းနှင့်ပတ်သက်၍ ဒေါက်တာဂျက်လိုင်ဒါ( Dr.Jacques. P.Leider)၊ဒေါက်တာ မိုက်ကယ်ချာနယ်(Dr.Michael Cherney)၊ကတ်သရင်းရေမွန်(Catherine Raymond)ဆန်ဂျေးဆူဘရာမန်ယန်(Sanjay Subrahmanyan)၊စတီဗန်ဂါလန်( StephanVan Galen) စသောသမိုင်းပညာရှင်များက ရခိုင်သမိုင်းကို ခေတ်ပြိုင်အထောက်အထားများနှင့် နှိုင်းယှဉ်၍ သုတေသနစာတမ်းများ တင်သွင်းခဲ့ကြသည်။သူတို့၏ စာတမ်းများတွင် ပေါတူဂီမှတ်တမ်းများ၊ဒတ်ခ်ျမှတ်တမ်းများကို ထုတ်ဖေါ်ပြသကြသဖြင့်ရခိုင်သမိုင်းပညာရှင်များအကြားတွင် အလွန်အရေးပါသောအတွေးအခေါ်သစ်များ ဖြစ်ပေါ်စေခဲ့ကြသည်။ရခိုင်လူမျိုးသမိုင်းသုတေသီများဖြစ်ကြသော ဦးဦးသာထွန်း(ရခိုင်-မြန်မာပဏ္ဍိတ်)၊ဦးစံသာအောင်၊ဦးစက္ကိန္ဒ၊ဦးဝါသ၀၊ဦးရွှေဇံ၊ဦးထွန်းရွှေခိုင်၊ဦးလှထွန်းဖြူ၊ဦးကျော်ထွန်းအောင် တို့ကလည်း ဒေသထုတ်မဂ္ဂဇင်းများတွင် ရခိုင်သမိုင်းဆိုင်ရာဆောင်းပါးများရေးသားခြင်း၊စာအုပ်စာတမ်းများ ထုတ်ဝေခြင်းမှတစ်ဆင့် ရခိုင်သမိုင်းကို စိတ်ဝင်စားသူများ အလွယ်တကူ ဖတ်ရှုလေ့လာခွင့်ရရှိလာကြသည်။(နမူနာ ထုတ်ပြခြင်းသာဖြစ်ပါသည်။)ရခိုင်မျိုးဆက်သစ်များအကြားတွင် ရခိုင်သမိုင်းစိတ်ဝင်စားမှုလည်းမြင့်မားလာကြသည်။ဤသည်မှာ ရခိုင်လူမျိုးများ၏ အနာဂါတ်အတွက် အလွန်ကောင်းမွန်သော အလားအလာဟုဆိုရပါမည်။ရခိုင်သမိုင်းကို တိုးချဲ့လေ့လာသူများအနေဖြင့် ရန်ကုန်တက္ကသိုလ်သမိုင်းဌာနတွင် တင်သွင်းသော မဟာဘွဲ့ယူစာတမ်းများကို လေ့လာခွင့်ရလာကြသည်။မြောက်ဦးခေတ်သမိုင်းကို ဒေါက်တာအေးချမ်း၊ဦးကျော်ဇံသာတို့က မဟာဘွဲ့ယူစာတမ်းများတင်သွင်းခဲ့ကြရာ ၄င်းတို့၏ ဘွဲ့ယူစာတမ်းများတွင် ရည်ညွှန်းကိုးကားသော ကျောက်စာများ၊ရခိုင်ရာဇ၀င်များ၊အခြားစာအုပ်စာတမ်းများကို တိုးချဲ့လေ့လာကြရာမှတစ်ဆင့် ရခိုင်သမိုင်းသုတေသနလုပ်ငန်း ပိုမိုနက်ရှိုင်းလာခဲ့သည်။ (အမှန်စင်စစ်ရန်ကုန်တက္ကသိုလ်တွင် မဟာဘွဲ့ယူစာတမ်းအတွက်တင်သွင်းခဲ့ကြသော ရခိုင်သမိုင်းဆိုင်ရာဘွဲ့ယူစာတမ်းအများအပြားရှိပါသေးသည်။နမူနာထုတ်ပြခြင်းဖြစ်ပါသည်။)ရန်ကုန်တက္ကသိုလ်သမိုင်းဌာနတွင် တင်သွင်းခဲ့ကြသော ဘွဲ့ယူစာတမ်း တစ်ချို့ကို လေ့လာကြည့်ရာတွင် အစိုးရ၏ ပေါ်လစီ၊ပညာရေးဝန်ကြီးဌာန၏ မူဘောင်အတွင်း စာမေးပွဲအောင်မြင်ရေး၊မဟာဝိဇ္ဇာဘွဲ့ ရရှိရေးကို ဦးတည်ရေးသားပြုစုကြသဖြင့် ပျော့ကွက်ဟာကွက်များ တွေ့ရှိရစမြဲဖြစ်သည်ကို သမိုင်းလေ့လာသူများ နားလည်သဘောပေါက်ကြရန်လည်း လိုအပ်ပါသည်။ဘွဲ့ယူစာတမ်းတင်သွင်းကြသူများမတင်ပြရဲခဲ့ကြသော သမိုင်းဆိုင်ရာကွက်လပ်များကို ဖြည့်စွက်လေ့လာကြသည့်အခါ ရခိုင်သမိုင်းရုပ်လုံးပိုမိုပေါ်လွင်စေပါသည်။ထို့ကြောင့် ရခိုင်သမိုင်းသုတေသနလုပ် ငန်းကို တိုးချဲ့လေ့လာရန် သမိုင်းစိတ်ဝင်စားသူများ မလွဲမသွေ လုပ်သင့်ပါသည်။သို့မှသာရခိုင်သမိုင်းသုတေသနလုပ်ငန်း တိုးတက်မြင့်မားလာမည်ဖြစ်ပါသည်။အများအားဖြင့် သုတေသီတို့လက်လှမ်းမီကြသော ရခိုင်ရာဇ၀င်စာအုပ်များသည် (၂၀)ရာစုတွင် ပြန်ရေးကြသည့် သမိုင်းစာအုပ်များဖြစ်ကြရာခေတ်ပြိုင်မှတ်တမ်းများနှင့် နှိုင်းယှဉ်လေ့လာကြသည့်အခါ ပျော့ကွက်ဟာကွက်များ မလွဲမသွေတွေ့ရမည်ဆိုသည်ကိုရခိုင်သမိုင်းသုတေသီများ နှလုံးသွင်း ဆင်ခြင်ထားကြရပါမည်။ရခိုင်သမိုင်းပညာရှင် ဒေါက်တာဂျက်လိုင်ဒါ(Dr.Jacques.P.Leider)က “ ရခိုင်သမိုင်းကို လေ့လာရာတွင် လက်ရှိရခိုင်ပြည်နယ်အဖြစ်တည်ရှိနေသော ဧရိယာကို ကွက်၍လည်းကောင်း။ကျွန်ုပ်တို့ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော အာရှတိုက်၏အစိတ်အပိုင်းအဖြစ်လည်း ကောင်းပိုင်းခြားသတ်မှတ်လေ့လာလျှင် ပြီးပြတ်စုံမှုမရှိနိုင်ပါ။ရခိုင်ပြည်ကို ဧရာဝတီမြစ်ဝှမ်းဒေသရှိဘုရင့်နိုင်ငံများနှင့် ဘင်္ဂလားနိုင်ငံရေးဗဟိုအချက်အချာ ရှုထောင့်မှဖြစ်စေ၊သို့တည်းမဟုတ်၊ဥရောပကုန်သွယ်ရေးကုမ္ပဏီများတည်ရှိရာ အချက်အချာနေ ရာရှုထောင့်မှ ဖြစ်စေ တွေ့မြင်နိုင်ပါသည်။ရခိုင်တို့၏ ရှည်လျားလှသော အတိတ်သမိုင်းကြောင်းမှာ လူသိများသည့်ကိစ္စဖြစ်ပါသည်။ထို့ကြောင့် မျက်မှောက်ခေတ်သမိုင်းအစကို လေ့လာရာတွင် ထိုဒေသရှိ ထူးခြားသော လက္ခဏာများကို အခြေပြု၍ ရခိုင်ပြည်ကို တောင်အာရှ သို့မဟုတ် အရှေ့တောင်အာရှ၏ နိုင်ငံရေးနှင့်ယဉ်ကျေးမှုပထ၀ီနယ်ပယ်အောက်တွင် အလွယ်တကူ တည့်သွင်းတတ်ကြသည်။မြန်မာဒေသိယစကား ပြောဆိုသော တိဘက်-မြန်မာ လူဦးရေ အများစုရှိနေ၍ ရခိုင်ပြည်ကိုအရှေ့တောင်အာရှ ပထ၀ီမြေပုံတွင် ထည့်သွင်းထားခြင်းမှာထင်ရှားနေ၏။အခြားတစ်ဘက်တွင်မူရခိုင်ပြည်သို့ အာရိယာန်လူမျိုးများ စောစီးစွာ ၀င်ရောက်ခြင်းနှင့်အတူ အင်ဒို-ဗုဒ္ဓဘာသာရင်းမြစ်များတွေ့ရှိရ၍ ခရစ်နှစ်ပထမထောင်စုနှစ်ဆီသို့ ဆွဲဆန့်ကြည့်နိုင်သည်။နောက်ပိုင်းတွင် ဘင်္ဂလားမှ ဆူလတန်တို့၏ ယဉ်ကျေးမှုသြဇာသက်ရောက်ပုံကို လေ့လာကြည့်လျှင် ပိုမိုကျယ်ပြန့်သော တောင်အာရှကမ္ဘာသို့ ဆက်စပ်ကြည့်နိုင်ပါသည်။အမှန်စင်စစ် ရခိုင်ပြည်သည် အာရှတိုက်၏နယ်စပ်တွင် အတိအကျ တည်ရှိသည်။မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများ ပျံ့နှံ့နေထိုင်ရာဒေသကြီးဖြစ်သည်။ထို့ကြောင့်မြန်မာ့သမိုင်းကို ရေးသားပြုစုကြရာတွင် သမိုင်းဆရာအများစုသည် ဧရာဝတီမြစ်ဝှမ်းဒေသ၏ သမိုင်းကို လေ့လာရန် ကြိုးပမ်းကြသည်။ဤသည်မှာ အထောက်အထားရရှိမှုအပေါ်အခြေခံ၍လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြင်သာပါသည်။သို့ရာတွင် မြန်မာ့သမိုင်းကို သမရိုးကျမဟုတ်သော အခြားနည်းလမ်းဖြင့် လေ့လာချဉ်းကပ်မှု မပြုသမျှကာလပတ်လုံး ပြီးပြည့်စုံသော သမိုင်းကို မရနိုင်ပေ။မြန်မာ့သမိုင်းကို လေ့လာရာတွင် နိုင်ငံ၏ ပကတိတည်ရှိနေသော နယ်နိမိတ်ကို ကျော်လွန်၍ ကြည့်ရုံသာမကဘဲ ကွဲပြားခြားနားသော အစိတ်အပိုင်းများကိုပါ ရှုမြင်သုံးသပ်တတ်သည့် သမိုင်းပညာရှင် များစွာ လိုအပ်နေပါသည်။ “ ဟု သုံးသပ်ပြထားပါသည်။ရခိုင်သမိုင်းကို ကျောင်းသင်္ခန်းစာတွင် ထည့်သွင်းပြဋ္ဌာန်းထားခြင်းမရှိ၍ သမိုင်းလေ့လာသူတို့သည်မိမိတို့ လက်လှမ်းမီရာ အထောက်အထားများကို အခြေပြု၍ လေ့လာကြရပါသည်။ထို့သို့လေ့လာရာ တွင် ခေတ်ပြိုင်ကျောက်စာ၊ဒင်္ဂါးစာများ သည် မူရင်းအထောက်အထားများ ( Primary Sources )ဖြစ်ပြီး၊ပေစာ၊ရာဇ၀င်စာအုပ်များမှာ ဒုတိယအဆင့် အထောက်အထား( Secondary Sources) ဖြစ်ပါသည်။ဒုတိအဆင့်အထောက်အထားများတွင် ရေးသားပြုစုသူ သမိုင်းဆရာများက မိမိတို့လက်လှမ်းမီရာ အထောက်အထားများကို ရည်ညွှန်းကိုးကားရေးသားကြ၍ ကွဲလွဲမှုများဖြစ်ပေါ်နေတတ်သည်ကိုလည်း သတိပြုကြရပါမည်။မြောက်ဦးခေတ် ဒုတိယ မင်းဆက်ကိုတည်ထောင် ခဲ့သူ မင်းပါဘုရင်( အေဒီ-၁၅၃၁-၅၃)၏ အမည်ကို ရာဇ၀င်တစ်စောင်နှင့်တစ်စောင် မတူဘဲ အောက်ပါအတိုင်း ကွဲပြားစွာ ဖေါ်ပြကြကြောင်း တွေ့ရပါသည်-ရမ်းဗြဲတောင်ကျောင်းဆရာတော် အရှင်စန္ဒမာလာလင်္ကလာရ၏ ရခိုင်ရာဇ၀င်သစ်ကျမ်းပဉ္စမတွဲ(၁၂၉၃ ခု၊တပိုးတွဲးလ၊မန္တလေးမြို့၊ဟံသာဝတီပိဋကတ်စာပုံနှိပ်တိုက်) စာ-၄၄ တွင် “ ထိုမင်းခေါင်ရာဇာလွန်တော်မူလေလျှင် မင်းရာဇာသားတော် သံတွဲးစား မင်းပါကြီးသည် သက္ကရာဇ်၈၉၃ ခု နံယုန်လဆန်း တရက်၊စနေနေ့၊နေ့နှစ်ပဟိုကျော် ငါးနာရီတွင် ဆင်ဖြူရှင်သမီး ဖွားစောမင်းနှင့် ရေဆိပ်တဲးနန်းတော်ဝယ် ဘိသိက်တော်ခံ၍ မင်းအဖြစ်သို့ ရောက်တော်မူလေသည် “ဦးသာထွန်းအောင်၏ ရခိုင်မဟာရာဇ၀င်တော်ကြီး ( ၁၂၈၈ ခု၊ပြာသိုလ၊ရခိုင်ပြည်သတင်းစာပုံနှိပ်တိုက်ကြီး) စာ- ၇၀ တွင် “ ထိုအခါ ကဏှာပဒိ မင်းမြတ်သည် ညီတော်ဖစောသီရိအား လမုန်ခြီမင်းပြင်အရပ်ကို အပိုင်စားပေးအပ်တော်မူလေသည်။ထိုသို့ပေးအပ်တော်မူလေ၍ ညီတော်ဖစောသီရိမင်းမြတ်ကို မင်းပြင်ကျွမ်းစားဖြစ်သောကြောင့် မင်းပင်ဟု တိုင်းသူပြည်သားတို့သည် ခေါ်ကြလေသည်။ထိုဖစောသီရိမင်းဗာသည်အလွန်ရေးရင့်သော သတ္တိကုန်နှင့်လည်း ပြဥ့်စုံတော်မူလေသည်။”စသည်ဖြင့် မင်းပါကြီး၊ဖစောသီရိမင်းဗာ ဟူ၍ရာဇ၀င်တစ်စောင်နှင့်တစ်စောင် မတူညီဘဲ ကွဲပြားစွာဖေါ်ပြထားပါသည်။ ဖေါ်ပြပါ ရာဇ၀င်နှစ်အုပ်စလုံးသည် (၂၀)ရာစုတွင် ပြန်ရေးထားသော ရာဇ၀င်စာအုပ်များဖြစ်သည်။မင်းပါဘုရင်လက်ထက်ရေးထိုးခဲ့သော မြောက်ဦးမြို့ ၀မ်းတီးနတ်တောင် ကျောက်စာတွင် သကြစ်၉၀၅ ခု တွင် အသျှင်ဖုရင် မင်းပင်ကြီး----- ၊၀မ်းတီးနတ်တောင် မင်းပါကြီးမယားကျောက်စာတွင်ဝမ်းတီးနတ်တွင် မင်ပင်ကြီးမယား ----- ၊ဒုက္ကံသိမ်အနီးရရှိသောကျောက်စာတွင် မင်းပါ စသည်ဖြင့် ရေးထိုးထားကြောင်း တွေ့ရပါသည်။ခေတ်ပြိုင်ကျောက်စာသည် ရာဇ၀င်စာအုပ်ထက် ပိုမိုခိုင်လုံသော မူရင်းအထောက်အထားဖြစ်ပါသည်။ထို့ကြောင့် မျိုးဆက်သစ်ရခိုင်လူငယ်များအနေဖြင့် ရခိုင်သမိုင်းကို လေ့လာရာတွင် မူရင်းအထောက်အထားများ၊ခေတ်ပြိုင်အထောက်အထားများကို နှိုင်းယှဉ်လေ့လာမှုမှတစ်ဆင့် ရခိုင်သမိုင်းသုတေသနလုပ်ငန်း တိုးတက်မြင့်မားလာမည်ဟု ရှုမြင်မိပါသည်။ အောင်သူရကျော်(ရက္ခိုင်)

No comments:

Post a Comment